Thursday, June 26, 2008

တောင်းပန်ခြင်း

စိတ်မဆိုးကျနဲ့နော်.....
အီးမေးတောင် နှပ်မှန်အောင် မနည်းသုံးနေရတဲ့ ဘ၀လေးကို စာနာနိုင်ကြမယ်လို့ထင်ပါတယ်....
လာလည်သူတွေကို ကျေးဇူးတင်ပါသည်....

Wednesday, June 11, 2008

I LOVE KBCS

ကျွန်တော် စင်ကာပူကို အလုပ်ရှာဖို့လာခဲ့တယ်...။
သူငယ်ချင်းတွေကို အားကိုးမယ်ပေါ့...။
ဒီရောက်တော့ ဘယ်သူမှ မကူနိုင်ဘူး...။ ကိုယ့်ဟာကိုတောင် မအားကြတာ...။
ဒီတော့ ဒုက္ခနည်းနည်းရောက်တာပေါ့ဗျာ...။ ပူပန်မှုတွေက စတော့တာပဲ..။
အလုပ်မရမှာ ကြောက်ရတဲ့အပူ....။ လမ်းရှာမတွေ့မှာ ပူရတဲ့အပူ...။ အင်တာဗျူးမှာ အဆင်မပြေမှာပူရတဲ့အပူ...။ ဒီလို...အပူ...အပူ...တွေနဲ့လောင်ကျွမ်းမတတ်ခံစားရတဲ့အချိန်မှာ
ဖြေအေးစရာ နေရာလေးတစ်ခုကို သွားတွေ့တယ်...။
အဲဒါကတော့ KBCS လို့ခေါ်တဲ့ ဘုရားကျောင်းလေးပဲ...။
အဲဒီမှာ သူငယ်ချင်းတွေ ရှိတယ်...။ ဆရာတွေရှိတယ်...။
ဒီထက်ပြောရရင် ဘုရားသခင်ကို ချစ်တဲ့လူတွေ ရှိတယ်...။
ဒီရောက်လာတဲ့အခါ လူတွေက ဘုရားနဲ့ပိုပြီးနီးလာရတယ်...။
ဘာလို့ဆိုတော့ လူက ဒုက္ခတွေ အကြပ်အတည်းတွေ ဖိနှိပ်မှုတွေ ခံလာရတဲ့အခါ ဘုရားကို ပိုသိလာတယ်...။
လူတွေက ကိုယ့်ကို မကူညီနိုင်ဘူး...။ ဘုရားသခင်သာ ငါတို့ကို ကူညီနိုင်တယ်...။
ဘုရားကိုသာ ပိုအားကိုးလာကြတယ်...။ မိဝေးဖဝေး တစိမ်းတွေကြားမှာ ရပ်တည်နိုင်ဖို့က ဘုရားသခင်သာ အားကိုးရာဖြစ်တယ်..။ တခါတလေ ကိုယ်စိတ်ထဲမှာ အထီးကျန်သလို ခံစားနေရတယ်...။ ဒီလိုအခါမျိုးမှာ ဘုရားကျောင်းကို သွားလိုက်တယ်...။ ဒီနေရာလေးမှာ ဘ၀တူလူငယ်လေးတွေ လာစုနေကြတယ်..။
တယောက်နဲ့တယောက် ရင်းနှီးကြတယ်...တိုင်ပင်ကြတယ်...အတွေ့အကြုံတွေ ဝေမျှကြတယ်...။
ကျွန်တော်ဆို အင်တာဗျူးသွားခါနီးဆို...ဒီသူငယ်ချင်းတွေကို မက်ဆေ့ပို့ပြီး ဆုတောင်းခိုင်းရတယ်...။
ပီးတော့ ဒီမှာက စနေနေ့ညနေဆို ဘောလုံးကန်ကြတယ်...သီချင်းကျင့်ကြတယ်...ကွန်ပြူတာသင်တန်းလည်းရှိတယ်လေ...။ ပီးတော့ ကျမ်းစာတွေလည်း ဆွေးနွေးကြတယ်...။
အထူးသဖြင့် လူငယ်သင်းအုပ်ဆရာရဲ့ ပေးဆပ်မှုကို ကြည့်ပြီး ခွန်အားယူရတယ်...။
သူက ဆန်းဒေးတရက်လုံး ဘုရားကျောင်းမှာ ဘုရားရှိခိုးတယ်...။ ဒါတင်မကဘူး ညနေဆိုရင်လည်း ဘုရားကျောင်းမရောက်နိုင်တဲ့ သူတွေဆီမှာ သွားပီးဆုတောင်းပေးတယ်..။ တခုခုဆို သူ့ပဲ အပူကပ်ရတာ..။
မလေးပြေးရတုန်းကလည်း သူ့ပဲအပူကပ်ရတာ...။ သူကပဲ ဆက်သွယ်ပေးတယ်...။
သူအမြဲပြောတဲ့စကားလေးတစ်ခွန်းရှိတယ်...။ GOD is GOOD...တဲ့။
ဘုရားသခင်ဟာ ကောင်းမြတ်တယ်...။ ဒီလောက်ကောင်းမြတ်တဲ့ဘုရားအတွက် ဒီဆန်းဒေးလေးတရက်ကို မပေးနိုင်ဘူးလား...။ သူကပေးဆပ်တယ်...။ ဒီမှာ တစ်ခုခုဖြစ်ရင် သူ့ဆီဖုန်းဆက်..။ သူက အကုန်ကူညီပေးတယ်...။ တစ်ယောက်ယောက် ဆေးရုံတက်ရပီလား...။ သူ့ဆီဖုန်းဆက်...။ သူလာပီး ကူညီတယ်..ဆုတောင်းပေးတယ်..။
နောက်ပီး အသင်းတော်ကလူတွေကလည်း အရမ်းကိုပဲ ကျွန်တော်ကို ချစ်တယ်..။ ကူညီတယ်..။
လူငယ်ဥက္ကဌဆိုရင် မလေးသွားတုန်းက ဟိုဘက်ကမ်းအထိ လိုက်ပို့တယ်..။ မနက်အလုပ်တက်ရမှာ ရှိပေမယ့်လည်း ည ၁၂အထိ ကျွန်တော်ကိုလိုက်ပို့တယ်...။ မလေးကိုသွားမယ့် ၁၂း၃၀ ကားပေါ်ကို အရောက်တင်ပေးတယ်...။ သူနဲ့က အိမ်ချင်းကလည်း နီးတာကိုး..။ အိမ်လည်ခေါ်တယ်..။ အားပေးစကားပြောတယ်...။
နောက်တစ်ယောက်ဆိုရင်လည်း ကျွန်တော့်ရဲ့ မလေးသွားမယ့် ဗီဇာကိစတွေ..သက်တမ်းတို့ကိစတွေ လိုက်ကူညီတယ်...။ တကယ်ကိုမှ တနေကုန်တယ်..။ ဒါတင် မကသေးဘူး..။ ထမင်းလည်းကျွေးတယ်...။ ရုပ်ရှင်လည်းပြတယ်..။ သိပ်ချစ်ဖို့ကောင်းတာ..။
ဒါတင်မကသေးပါဘူး...။ ဒီရောက်တဲ့ကာလလေးမှာ လူငယ်သင်တန်းတွေ...ဘောလုံးပွဲတွေမှာ ပါဝင်ခွင့်ရတယ်...။ အရမ်းပျော်ဖို့ကောင်းတာ...။ တကယ့်ကို မမေ့နိုင်စရာပါပဲ...။
ရန်ကုန်မှာ ရှိတုန်းကတော့ ဘုရားက ကိုယ်အသိထဲမှာပဲရှိတာ...။
ဒီရောက်တော့မှာ ဘုရားသခင်က ကိုယ့်ရဲ့အသိထဲမှာတင်မကဘူး....နှလုံးသားထဲမှာပါ ရောက်နေတော့တာ..။
ဒီလိုရောက်ဖို့ကလည်း ဒီဘုရားကျောင်းလေးရဲ့ တရားဒေသနာတွေ...ဝေမျှချက်တွေ..သက်သေခံချက်တွေကပဲ ရရှိခဲ့တာ...။ ဒီဘုရားကျောင်းလေးဟာ ကျွန်တော့်အတွက်တော့ တကယ့်ကို အိုအေစစ်လေးပါပဲ...။
ကျွန်တော် ဒီဘုရားကျောင်းလေးကို အရမ်းချစ်တယ်...။
ကျွန်တော် ပြန်သွားရပေမယ့်လည်း ဒီဘုရားကျောင်းလေးကို လွမ်းနေမယ်...။
ပြန်လာနိုင်အောင်လည်း အမြန်ဆုံးကြိုးစားမယ်...။
ဒီဘုရားကျောင်းလေးက ပေးလိုက်တဲ့ အသိတရားတွေက ဘ၀ကိုရင်ဆိုင်ဖို့ အားအင်တွေ ရရှိခဲ့ပြီလေ...။
ဒီတော့ အခက်အခဲတွေကို ရင်ဆိုင်မယ်...။ တခါလဲ ပြန်ထ...။ ထပ်ရင်ဆိုင်မယ်ဗျာ...။
ဘုရားသခင်က မခံနိုင်တဲ့ စုံစမ်းခြင်းကို မပေးပါဘူး...။ ထွက်မြောက်ရာလမ်းလေးတွေ ပြင်ဆင်ပေးထားတယ်..။ ဒီအခက်အခဲနဲ့ ကျွန်တော့်ကို စစ်နေတာ...။ တခါတလေ ကိုယ်က ဘုရားအလိုတော် ဘယ်လိုရှိမှန်းမသိဘူး...။ လိုချင်တာတွေပဲ စွပ်တောင်းနေတာ...။ ဘုရားက သိတယ်...။ ကိုယ်ဘာလိုအပ်သလဲဆိုတာ ပေးတယ်...။ ဒီတော့ အလိုတော်ကို ၀န်ခံရုံပဲလေ...။ အရမ်းကို ပေါ့တာ...။ သူ့ကို အားကိုးလိုက်...ပုံအပ်လိုက်...။ အားလုံးက အကောင်းဆုံးတွေ ဖြစ်လာမှာပဲ...။ အခုဆိုရင်ပဲကြည့်...။ ကျွန်တော်ပြန်ရမယ်...။ ကျွန်တော် ၀မ်းမနည်းဘူး...။ ဘုရားသခင်အလိုတော်မရှိလို့ပဲ...။ အခု ရန်ကုန်မှာ အဆက်အသွယ်တစ်ခုရတယ်...။ Save the Children မှာတဲ့ Design Assistant လိုတယ်..တဲ့။ သုံးလပဲလုပ်ရမှာ...။ Design Officer ကလည်း ကိုယ်နဲ့သူငယ်ချင်းလို ခင်နေတဲ့ အကိုကြီး...။ ကဲကြည့်...။ ဘယ်လောက်ကောင်းမြတ်လိုက်သလဲ...။ ဒါပဲလေ...။ ကိုယ့်မှာ ဒီအသိလေးရှိနေရင် ပြီးပြီ..။ ကိုယ်လုပ်စရာတာတွေ ကိုယ်လုပ်ထား....။ ကျန်တာဘုရားလက်အပ်လိုက်ရုံပဲ...။ ဘုရားသခင်က အကောင်းဆုံး ပြင်ဆင်ပေးသွားလိမ့်မယ်...။


Tuesday, June 10, 2008

ကျော်ဟိန်းပြောသော စကားများ...

ဒီနေ့တော့ အေးအေးဆေးဆေးရှိတာနဲ့ YouTube လေးမွှေလိုက်တယ်....။
အေးဆေးဆို မနက်ဖြန်ပြန်ရတော့မှာကိုး...။
သတင်းစာလည်း မ၀ယ်တော့ဘူး..။ အလုပ်လည်း မလျှောက်တော့ဘူး...။
စိတ်ကို ဖေါ့ထားလိုက်တယ် ဆိုပါတော့ဗျာ...။
အဲဒီမှာ ဘာလေးကို သွားတွေ့လည်း ဆိုတော့..... ကျော်ဟိန်းတဲ့..။
YouTube ထဲဝင်ပီး kyaw hein 001 ဆိုပီးရိုက်ထည့်လိုက်တယ်...။
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အဲဒီမှာ ကျော်ဟိန်းက Special Talk ပြောနေတာဗျ...။
သူ့ဘ၀ဖြတ်သန်းမှုတွေအပေါ်မှာအခြေခံပြီး လူငယ်တွေကို ပြောပြနေတာ...။
အရမ်းမိုက်တယ်ဗျာ...။
Kyaw Hein 001 ကနေ 010 အထိရှိတယ်ဗျ...။
အရမ်းကောင်းတယ်ဗျာ...။ ခင်ဗျားတို့လည်း အချိန်အားရင် ၀င်ကြည့်ကြပေါ့ဗျာ...။
အဲဒီမှာ ယူစရာတွေက အများကြီးရယ်...။ အနှစ်တွေချည်းပဲ....။
ဥပမာပြောရရင်....
“ဘယ်အရာမှ အကြာကြီးမခံဘူး....။
ဝမ်းနည်းတာလည်း အကြာကြီးမခံဘူး...။
ဝမ်းသာတာလည်း အကြာကြီးမခံဘူး...။
ဒီတော့ လက်ရှိအချိန်တည့်တည့်မှာ လုပ်စရာရှိတာတွေလုပ်....။”
အောင်မြင်မှုကို တည်ဆောက်ဖို့ဆို အမြဲသင်ယူနေရမယ်...။
ဘယ်က သင်ယူရမလဲဆိုတော့ လူတွေဆီက သင်ယူရမယ်....။
လူတွေနဲ့ပေါင်းသင်းရမယ်...။ တိုင်ပင်ရမယ်...။
နောက်ပြီး စဉ်းစားရမယ်...။ စဉ်းစားတာ ပိုက်ဆံမပေးရဘူး...။
စဉ်းစားကြစမ်းပါ...။ စဉ်းစားရင်ကမှ အဖြေတွေ တွေ့လာရမယ်...။
တွေ့လာတဲ့အဖြေကို ချက်ချင်းလုပ်လိုက်....။
ဒါဟာ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ပဲပေါ့....။”
အဲလို....အဲလိုတွေ.....
ဝင်ကြည့်လိုက်တာ ပိုကောင်းပါမယ်...။
ကျွန်တော့်ကတော့ ထိသွားတယ်...။ ခင်ဗျားတို့လည်း ထိစေချင်တယ်...။
အချိန်လေးပေးပြီး ၀င်ကြည့်လိုက်ပါဗျာ...။ တစ်ခုခုကို ရစေရမယ်...။
အိုကေ...။

Monday, June 9, 2008

အဖေ

လာမည့် ဇွန်လ ၁၅ရက်က ဖခင်များနေ့...။
ကျွန်တော် အဖေကလည်း ဇွန်လ ၆ ရက် ၂၀၀၆ မှာ ကွယ်လွန်သွားတယ်။
ဒါပေမယ့်လည်း ကျွန်တော်တို့နှလုံးသားထဲမှာတော့ အခုထိ ရှင်သန်နေဆဲပါပဲ...။
ကျွန်တော်တို့ ငယ်စဉ်က တော်တော်လေး ဆင်းရဲတယ်ဗျ...။
နေစရာအိမ်တောင်မှမရှိလို့...ဘုရားကျောင်းမှ အိမ်လေးဆောက်ပီး နေရတာ...။
အဖေရော...အမေရောက ကျောင်းဆရာမတွေ...။
သိတဲ့အတိုင်းပဲ ၀န်ထမ်းလစာက ဘယ်လောက်ရလဲဆိုတာ...။
ဒီမြို့လေးမှာ အခြေချနေဖြစ်တော့ တော်တော်လေး ရုန်းကန်ရတယ်...။
ငယ်စဉ်က အိမ်မှာ ၀က်မွေးတယ်...ကြက်မွေးတယ်...ဘဲမွေးတယ်...။
ဒါလေးတွေနဲ့ အသက်ဆက်ရှင်ခဲ့ရတယ်...။
ဒါပေမယ့် အဖေဟာ စိတ်ပျက်မသွားဘူး...။
သူဟာ သူ့မိသားစုလေးနဲ့ အတူနေချင်ပေမယ့် မိသားစုအတွက် အဝေးနယ်တွေကို ထွက်ပီးအလုပ်လုပ်ရတယ်...။
အစက အထက်တန်းပြဆရာ..။
မူလတန်းကျောင်းအုပ်ဖြစ်ဖို့ နယ်အဝေးကို သွားရတယ်...။
အဲဒီကမှ အလယ်တန်းကျောင်းအုပ်....တွဲဘက်အထက်တန်း...။
ဒီလိုမျိုးဖြစ်အောင် ရုန်းကန်ခဲ့တယ်..။
သူက ဖခင်ဖြစ်တဲ့အတွက် မိခင်လိုတော့ ကြင်နာမှုကို သိပ်မပြဘူး..။
ဒါပေမယ့် သိတဲ့အတိုင်းပဲ ခပ်ဝေးဝေးကနေပဲ အကဲခတ်နေတယ်...။
ငါ့သားသမီးတွေ ဘာလိုအပ်သလဲ..။ ဘာတွေ လမ်းမှားနေလဲ...။
ပထမဦးဆုံး ကျွန်တော်သတိထားမိတာကတော့ စာဖတ်တတ်ဖို့ သူသင်ပေးတယ်...။
စာဖတ်တယ်ဆိုတာ ကျောင်းစာမဟုတ်တဲ့ အပြင်စာ...။
သူက ဖတ်ပါလို့တော့ မပြောဘူး...။ ဒီလိုပဲ ဆိုင်ကနေ ငှားလာပေးတယ်..။
မှတ်မိပါသေးတယ်..။ ကျွန်တော်တို့ စာတွေကို စစွဲတာ... သိုင်းဝတ္တုနဲ့...။
သိတဲ့အတိုင်းပဲ...သိုင်းစာအုပ်တွေက သိပ်ဖတ်လို့ကောင်းတာ...ပေါ့ပေါ့ပါးပါးလည်းရှိတယ်...။
အမေကတော့ မကြိုက်ဘူး...။ ဒီတော့ ခိုးဖတ်ရတယ်...။
ခိုးဖတ်လို့ အကောင်းဆုံးနေရာက အိမ်သာပဲ...။ ငှဲငှဲ..။
အခုထိကိုစွဲနေတာ...။ အိမ်သာတက်ပီးဆို စာအုပ်ရှာရတာ...အလုပ်တစ်ခု..။
ဆင်းရဲသားဇိမ်ခံနည်း...ခေါ်မလားပဲ..။
အဲလို..သိုင်းစာအုပ်...အဲဒီကနေ...သုတစွယ်စုံ...ဒီလို တဆင့်တဆင့် သင်သွားပေးတာ။
စာဆိုတာ ဖတ်ရကောင်းမှန်း သိလာတယ်..။
အဖေက စကားတွေ သိပ်ပြောတာမဟုတ်ဘူး...။
သူကျောင်းအုပ်ဖြစ်တဲ့နေရာနဲ့ ကျွန်တော်တို့အိမ်က (၅) နာရီလောက် စက်ဘီးစီးသွားရတယ်...။
အဲဒီနေရာကို သူဟာ နေ့တိုင်းလိုလို စက်ဘီးနဲ့အသွားအပြန်လုပ်တယ်...။
ဟိုမှာနေရင်ရပေမယ့် မိသားစုနဲ့နေချင်တော့ ပြန်ပြန်လာတယ်...။
မှတ်မိသေးတယ်...။
ကျွန်တော်မြို့မှာ အဲယားကွန်းဘတ်စ်...မှန်လုံကားတွေကို အဖေကျေးဇူးကြောင့် ကျွန်တော်တို့ ဦးဆုံးစီးရတာ..။
သူ့ကျောင်းက တွဲဘက်အထက်တန်းဆိုတော့ စာမေးပွဲနီးရင် မြို့က ဆရာတွေကို ခေါ်ပီးစာသင်တယ်..။
နည်းနည်းအရေးကြီးတာလေးတွေ ရအောင်ပေါ့...။ အဲဒီအခါ မှန်လုံကားတွေကို လိုင်းမဆွဲခင် သူက အရင်ဆုံးငှားပီး ဆရာတွေကို တင်ခေါ်လာတာ...။ ကျွန်တော်တို့ကတော့ ဆရာကြီးသားသမီးတွေပေါ့ဗျာ...။
မှတ်မိသေးတယ်...။
အဖေက အားကစားသမားဗျ..။ သူငယ်ငယ်က တက္ကသိုလ်မှာ ဆုတွေအများကြီးရခဲ့တာ..။ ပြေးခုန်ပစ်...။ ဘောလုံးဆိုလည်း လက်ရွေးစင်...။ ကျောင်းဆရာဖြစ်တော့လည်း ဘောလုံးနည်းပြ..။ ပညာရေးအသင်းဆိုရင် အနည်းဆုံး ဖိုင်နယ်တော့ ရောက်တာကြီးပဲ...။
သူက ကျောင်းဆရာဆိုတော့ တပည့်တွေက အများသား...။
ကျောင်းမှာဆိုလည်း သူ့ကို သူ့တပည့်တွေက အရမ်းကြောက်...အရမ်းချစ်ရတာ....။
ဆရာချစ်ဆွေ...ဆိုရင် အားလုံးမီးသေပဲ..။ အရိုက်ကလည်း ကြမ်းတာကိုး...။
သိတဲ့အတိုင်းပဲ...ကျောင်းဆရာဆိုတာက ပီတိပဲစားရတာ..။
အဲဒီပီတိက ကျွန်တော်တို့ပါစားရတာ...။ ဆရာချစ်ဆွေသား...ဆိုပီးတော့လေ...။
နောက်ပီး အဖေက အစအနောက်လည်း သန်တယ်ဗျ...။
ငယ်ငယ်က ရေကူးသင်တော့ သူများတွေလိုမဟုတ်ဘူး..။
အစ်ကိုတွေက ရေထဲဆင်းပီး ၀ိုင်းထားတယ်...။ ပီးတော့ အဖေက ချီပီးတော့ ၀ုန်းဆို ပစ်ချတော့တာ...။
ကူးစမ်းပဲ...။ အားပါးပါး...ကူးလိုက်ရတာ...ငုပ်လိုက်ရတာ...ငိုလိုက်ရတာ...ရေသောက်လိုက်တာ...။
နောက်ကျတော့ ရေထဲကကို မတက်ချင်တော့ဘူး...။
ကျွန်တော်နဲ့ ကျွန်တော့်အမက မောင်နှမခြောက်ရောက်ထဲမှာ အငယ်ဆုံးဆိုတော့ အိမ်မှာ အများဆုံးနေရတယ်...။ ကျောင်းတက်တယ်...။
အစ်ကိုတွေက နဲနဲကွာတော့ သူတို့က အပြင်ရောက်ကုန်ပီ...။
ကျောင်းစရိတ်ကို အလုပ်လုပ်ရင်း ရှာရတာ...။
ကျွန်တော်တို့သာ အေးအေးဆေးဆေး...အိမ်မှာ နေရတာ...။
နောက်တစ်ခုက...
ကျွန်တော်ဘွဲ့ယူတဲ့အချိန်မှာ အဖေရောအမေရော တက်တယ်ဗျ...။
ကျန်တဲ့လူတွေတုန်းကတော့ အမေပဲ ဒိုင်ခံသွားနေတာ...။
သူက မသွားဘူးဗျ...။ အဖေက အဲလို..တခါတလေ မလုပ်ဘူးဆို...လုံးဝပဲ...။
သူ့ခံစားချက်နဲ့သူပေါ့ဗျာ...။
နောက်ဆုံး ကျွန်တော့်အလှည့်ကျမှာ သူတတ်တာ...။ သူလည်း အားပီ...အငြိမ်းစားယူပီဆိုတော့လေ...။
နောက်တော့မှာ ကျွန်တော်လည်း သိတာဗျ...။ ဘာလို့သူမသွားလည်းဆိုတာ...။
သူက သူ့သားသမီးတွေ အားလုံး..ပညာတတ်..ဘွဲ့ရဖြစ်စေချင်တာ...
ဒီတော့ သားသမီးတွေအားလုံး ... ဘွဲ့မရမချင်း...သူ့မှာတာဝန်မကျေသေးဘူးလို့ပဲ သူမှတ်ယူထားတာ..။
အဲဒါကြောင့်လေ...။
သူဆုံးခါအချိန်ထိတောင် သူ့သားသမီးတွေကို စိတ်မချတာ...။
သူဟာ တသက်လုံး လူတန်းစေ့ မနေရတဲ့ဘ၀ကို မလိုချင်တာ...။
နောက်ဆုံး ကျွန်တော်အစ်ကိုတွေလည်း အလုပ်တွေလုပ်ကြ...ကျွန်တော်တို့လည်း အလုပ်တွေလုပ်ကြတဲ့အချိန်ထိတောင် သူက မကျေနပ်အားသေးဘူး...။
သူရဲ့ အိမ်လေးကို သူ သေချာကို ပြင်တာ...။ အစက ပျဉ်ထောင်အိမ်ကို တိုက်အိမ်ဆောက်တယ်...။
အဲဒီအချိန်မှာ ကျွန်တော်တို့ အားလုံးက ရန်ကုန်ရောက်ကုန်ကျပြီ...။
ဘယ်သူမှလည်း ပြန်မနေနိုင်တော့ဘူးလေ...။
ဒါပေမယ့်လည်း သူုဟာ သူ့အိမ်လေးကို သူဆက်ဆောက်တယ်...။
သူ့..ခံစားချက်ကတော့ ငယ်ငယ်ကတည်းက ကိုယ်ပိုင်အိမ်မှာ မနေခဲ့ရတာကို စိတ်မကောင်းတာပေါ့ဗျာ...။
အဲဒီအိမ်စဆောက်တဲ့အချိန်မှာ သူမှာ ရောဂါတစ်ခုရတယ်...။
အဲဒါကတော့ လည်ချောင်းကင်ဆာ....။
သူက ဒီလိုပဲ ကျိတ်မှိတ်နေလာတာ...။ သိတဲ့အချိန်ကျတော့ လည်ချောင်းကင်ဆာ..တဲ့...။
အဲဒီအချိန်မှာ သူ့သားတစ်ယောက်က စင်ကာပူရောက်နေပီ...။
တစ်ယောက်က စင်ကာပူသံရုံးမှာ...။ တစ်ယောက်က ထရေးဒါး ဟိုတယ်မှာ...။
ဝိုင်းပီးတော့ ကုကြတာပေါ့ဗျာ...။
အဖေက နားလည်း နဲနဲကောက်တယ်ဗျ...။
သူက အရက်လည်းသောက်တယ်...။ သောက်တယ်ဆိုတာ ဒီလို...။
သူက ရာထူးတိုးလို့ ကျောင်းပြောင်းတိုင်း အဲဒီကျောင်းမှာ ကျောင်းသစ်ဆောက်တယ်...။
ဒီတော့ဗျာ...လူတွေနဲ့ ပေါင်းသင်းရတယ်ပေါ့ဗျာ...။ ဒီတော့ ၀ိုင်းထောင်ပေးရတယ်ပေါ့ဗျာ...။
သူလည်းသောက်ရတယ်ပေါ့ဗျာ...။ ကျောင်းသုံးကျောင်းလောက် ပြောင်းတာ...သုံးကျောင်းစလုံး ကျောင်းသစ်ဆောက်ရတော့ အရှိန်တက်သွားတာပေါ့ဗျာ..။
အဲလို....သူ့ရောဂါကို ကင်ဆာကို ဓါတ်ကင်တဲ့အချိန်မှာတောင် အရက်ကို ခိုးသောက်တာ...။
နောက်ဆုံး သူ့ရောဂါပျောက်လို့ အစားတွေဝင်...အသံပြန်ထွက်လာတော့...။
သူ့အိမ်လေးကို သူဆက်ဆောက်တယ်...။ ကျွန်တော်တို့က ပြောတယ်...။
အပါးရယ်...ဘယ်သူနေမှာမို့လို့တုန်း....တော်ရုံဆိုရပီပေါ့....။
ဒါပေမယ့် သူက မရဘူးထပ်ဆောက်တာပဲ...။
နောက်ဆုံးတော့ ရောဂါအသစ်ထပ်ရတယ်...။ အသဲကြီးတဲ့ရောဂါ...။
သူတော်တော် ခံစားရမှာ...။ ဆေးရုံမှာတက်ကုတယ်...။ သိပ်မသက်သာဘူး...။
တနေ့တနေ့ ပိုးသတ်ဆေးတွေ လူးရတယ်...။ ဆေးတွေလည်း လက်တဆုပ်လောက် သောက်ရတယ်...။
ဒါလည်း သူ့အိမ်လေး ဆက်ဆောက်တာပဲ...။ နောက်ဆုံး ဗမာဆေးနဲ့ ကုတာ သက်သာတယ်လို့ ထင်ရတယ်...။
သူ့ဆေးကုန်သွားလို့ ရန်ကုန်မှာ တက်လာပီး လာဝယ်ရင်း ခဏနေတဲ့အချိန်မှာပဲ ရုတ်တရက် ဆုံးပါးသွားတယ်...။
ရုတ်တရက်လို့ ပြောရတာက အဲဒီညက သူ့နဲ့ ကျွန်တော်အတူအိပ်တယ်...။
မနက်ကျတော့ သူ့မြေးလေးနဲ့သူ ဆော့လို့...။ ကျွန်တော်က အလုပ်သွားတယ်...။
ဒေါ်လာစရတဲ့အလုပ်ပေါ့ဗျာ...။ နေ့ခင်းကြတော့ ကျွန်တော့်ဆရာဆီ ဖုန်းလာတယ်....။
မင်းအိမ်ပြန်လိုက်ဦးတဲ့...။ ဘာလို့မှန်းမသိသေးဘူး...။ အိမ်ရောက်တော့ အဖေဆုံးနေလို့ လူတွေ ပြင်ဆင်နေတာ တွေ့သွားတယ်...။ မေးကြည့်တော့...ဒီလိုပဲ သူမြေးနဲ့ဆော့ပီး ခဏနားတုန်း လဲကျသွားတာတဲ့..။ နောက်ဆုံးအချိန်ထိ သူ့သားတွေကို မေးသွားသေးတယ်တဲ့...။ သူ့သားတွေ အလုပ်တွေကိုယ်စီနဲ့ အဆင်ပြေသွားတာကို သူကျေနပ်သွားတယ်...တဲ့။
အခုဆိုရင် အဖေကွယ်လွန်သွားတာ.... ၂နှစ်ကျော်လာပီ...။
ဒါပေမယ့် အဖေဟာ ကျွန်တော်တို့နဲ့အတူ ရှင်သန်နေတုန်းပဲ...။
အဖေရဲ့စကားတွေက ကျွန်တော်တို့ကို လမ်းပြနေတုန်းပဲ...။
အဖေရဲ့လုပ်ဆောင်ချက်တွေကို အတုယူနေရဆဲ...။

My Two Heart

ဒီနေ့ ဘောလုံးသတင်းတွေ ဖတ်ကြည့်တော့ ဖြစ်ရပ်လေးတစ်ခုသွားတွေ့တယ်...။

အဲဒါကတော့ ....နှလုံးသားနှစ်ခုနဲ့ လူတစ်ယောက်အကြောင်းပဲ...။

လူတစ်ယောက်ပါပဲ....။
သူ့နံမည်က ပိုဒေါစကီး...တဲ့။
ဂျာမနီအသင်းမှာ ကစားတယ်..။
တစ်ဖက်အသင်းကို ဂိုးနှစ်ဂိုးသွင်းပြီး အနိုင်ယူတယ်...။
ဒါပေမယ့် သူ့ခမျာ မပျော်နိုင်ရှာဘူးတဲ့...။
ဂိုးသွင်းပီးတာတောင်မှ အောင်ပွဲမခံနိုင်ရှာဘူးတဲ့..။
ဘာလို့လဲဆိုတော့....
သူကိုယ်ပိုင်သွင်းယူတဲ့ဂိုးတွေနဲ့အနိုင်ရခဲ့တဲ့အသင်းက ပိုလန်အသင်းဖြစ်နေလို့ပဲ...။

သူဟာ ပိုလန်နိုင်ငံမှာ မွေးခဲ့တယ်...။
သူ့အဖေဟာ ပိုလန်နိုင်ငံရဲ့ လက်ရွေးစင် ဘောလုံးသမားတစ်ယောက်...။
သူ့ဟာ ငယ်စဉ်အခါထဲက ဂျာမဏီနိုင်ငံကို ပြောင်းရွေ့ခဲ့ပီး....
ဂျာမဏီနိုင်ငံရဲ့ လက်ရွေးစင်ဘောလုံးသမားဖြစ်ခဲ့တယ်...။
World Cup 2006 မှာ Best Young Player Award ကို ရော်နယ်ဒိုတို့..ရွန်းနီတို့ကို ကျော်ပြီးရခဲ့တယ်...။
ဒီလို လက်ရွေးစင်ဘ၀နဲ့ ဘောလုံးပွဲများစွာကို ကစားခဲ့တယ်...။
နောက်ဆုံး ဒီနေ့မှာတော့ သူရဲ့မိခင်နိုင်ငံအသင်းကို ရင်ဆိုင်ပီး professional ပီသစွာ အနိုင်ဂိုးတွေ သွင်းယူခဲ့တယ်...။
ဒါပေမယ့်....သူဟာ မပျော်နိုင်ရှာဘူး...။ သူ့ရင်ထဲမှာ ဘယ်လိုများ ခံစားရမလဲ...။
သူဟာ သူ့ခံစားချက်တွေကို ဒီလို ဖွင့်ဟပြတယ်...။
"My dad, uncle and relatives from Poland were there in stand."
"I didn't celebrate because I was born in Poland. I've got a big family there and you have to have some respect for the Land. I have two hearts - a German one and a Polish one!."....တဲ့။
ကျွန်တော်တို့ ဘ၀တွေမှာရော ဒီလိုအဖြစ်တွေ မကြုံနိုင်ဘူးလား...။
ဒီလိုဆိုရင်ကော ကျွန်တော်တို့ ဘယ်လိုရင်ဆိုင်ကြမလဲ...။
ကျွန်တော်တို့ဟာ ကိုယ့်ဘ၀တက်လမ်းတွေအတွက် ကိုယ်နိုင်ငံတွေကို စွန့်ပြေးခဲ့ရတယ်...။
ဒီလိုနိုင်ငံတွေမှာ အခြေကျဖို့ကြိုးစားရင်း လှုပ်ရှားကြတယ်...ရုန်းကန်ကြတယ်...။
ဒီလိုအချိန် ကျွန်တော်တို့လို့ စွန့်မပြေးနိုင်ခဲ့တဲ့လူတွေ အများကြီးကျန်ခဲ့တယ်...။
ဒီလိုလူတွေအတွက်ကော ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ...။
အထူးသဖြင့် ကလေးလေးတွေ...။
ဘယ်လိုမှ မကောင်းနိုင်တဲ့...ပညာရေးတွေ..။ ပတ်ဝန်းကျင်တွေ...။ မျှော်လင့်စရာတွေ...။ သင်ယူစရာတွေ...။
ဒီလိုအခြေအနေတွေအတွက်ကော ဘာတွေလုပ်ကြမလဲ...။ ဘယ်လိုလုပ်ကြမလဲ...။
လုပ်နေတဲ့လူတွေတော့ ရှိပါတယ်..။
ဒါပေမယ့် မလုံလောက်နိုင်သေးဘူး....။
တချက်လေး...ပြောကြည့်တာပါ...။ စိတ်ဆိုးရင်လည်း မတတ်နိုင်ဘူး...။
ဒီက တစ်ရာဆိုတဲ့ ငွေကြေးလေးဟာ....ဟိုမှာဆို ဘယ်လောက်များ အသုံးကြလိုက်မလဲ...။
ကျွန်တော်လည်း သိပါတယ်...။
ဒီမှာလည်း ဘယ်လောက်တောင် ရုန်းနေရတာ...။ အနိမ်ခံနေရတာ...။ ပင်ပန်းကြတာ...။
ဒါတွေဟာ ဘာကြောင့်လဲ....။ စဉ်းစားကြည့်မိတာပါ...။
ကိုယ်တွေ ဒီလိုဖြစ်နေရင်....နောက်မျိုးဆက်တွေ မဖြစ်အောင် ဘယ်လိုများလုပ်ကြရင်ကောင်းမလဲပေါ့...။
ဒီလို...ဒီလိုလေး...စဉ်းစားမိတော့...

အချစ်ဆုံးနှင့် အကြောက်ဆုံးအရာ...

ဒီနေ့ညနေ အပြင်ကနေ ကားစီးပြီးပြန်လာတယ်...။
ကားကလည်း ညနေပိုင်းဆိုတော့ ကြပ်လိုက်တာ...။
ကိုယ့်စီးတဲ့ကားက (၁၈၁)။ အရမ်းကြာတဲ့ကား..။
မှတ်တိုင်တိုလေးပဲလေ...။
ရုံးဆင်းချိန်ဆိုတော့ လူတွေကလည်း တန်းစီးထားလိုက်တာ အရှည်ကြီးပဲ...။
ကိုယ်က အရှေ့မှာရောက်တော့ အရင်တက်ရပီး နေရာလေးရတယ်...။
ဒီလိုနဲ့ လူတွေတက်လိုက်တာ...ကိုယ်ဘေးနားကို မိန်းမလတ်တယောက်လာထိုင်တယ်..။
လက်ထဲမှာလည်း အထုတ်အပိုးတွေနဲ့။ သူ့သားလေးကိုလည်း ဆွဲလို့ပေါ့...။
ကားကလည်း မတ်တက်ရပ်တဲ့လူတွေတောင် ပြည့်နေတာ...။
ကားလည်း ထွက်လာတော့ အရှေ့နားမှာ နောက်ပြန်စီးရတဲ့ထိုင်ခုံက ကလေးလေးက အဟင့်အဟင့်နဲ့ စငိုပါရော..။
သူ့ကို ချီထားတာ သူ့ဦးလေးလား..သူ့အဖေလားပဲ..။
အဲဒီခုံနဲ့ ကိုယ်ခုံနဲ့က နှစ်ခုံလောက်ခြားပီး လူတွေကလည်း ကြပ်နေတယ်လေ...။
အစတော့ ငိုတာ ဟင့်ဟင့်ပဲ...။ နောက်တော့ ဗြဲဗြဲဖြစ်လာတယ်...။
ဗြဲဗြဲကနေ အဟွတ်ဟွတ်ဖြစ်လာတယ်...။ ခေါင်းတွေကို ခါလို့ ရှိုက်ကြီးတငင်ကို ငိုတော့တာ...။
ဘယ်ဟုတ်မလဲ...ကိုယ့်ဘေးက တစ်ယောက်က သူ့အမေဖြစ်နေတယ်..။
သူကလည်း သူ့အမေကို တွေ့တော့ လာချင်လို့ငိုတာ...။
သူ့အမေမှာလည်း သူ့ကိုထည့်တဲ့ တွန်းလှည်းလေးရယ်...ပစည်းတွေရယ်...ကလေးရယ်နဲ့ဆိုတော့ ဘယ်လိုမှ မသွားနိုင်ဘူး...။ ကလေးကလည်း သဲသဲမဲမဲကို ငိုတာ...။
ကိုယ်တွေကတော့ ကလေးအဖြစ်ကို သိပီး ပြုံးကြတာပေါ့...။
အဲဒီလိုမှ စဉ်းစားမိတယ်...။ ဒီကလေးလေးငိုရင် သူ့အမေ ဘယ်လိုခံစားရမလဲပေါ့...။
အားပါး...မလွယ်ဘူးနော်...။
ကလေးကတော့ သူ့လိုချင်တာပဲ သိပေမယ့် အမေကလည်း လာချင်ပေမယ့် လာလိုမရဘူးလေ..။
တကယ်ကတော့ ဘာမှမဟုတ်တဲ့ အဖြစ်အပျက်လေးပါ..။
ကားကလည်း ခဏနေရောက်တော့မှာ...အဲဒီအခါကျရင် အမေက ကလေးကို ချီလိုက်ရင် ကလေးက အငိုတိတ်ပီး..ရယ်တော့မှာပဲ..။
အဲဒါဖြစ်ရပ်လေးကနေမှ ဆက်စပ်တွေးကြည့်တော့...
အိုး...နာဂစ်ဖြစ်နေတဲ့အခိုက်အတန့်မှာရော ဒီလိုအဖြစ်အပျက်တွေ မဖြစ်နိုင်ဘူးလား...။
ကလေးတွေနဲ့ အမေတွေနဲ့....လှမ်းတွေ့လို့မှ မကယ်နိုင်တဲ့အဖြစ်တွေ မဖြစ်နိုင်ဘူးလား...။
ဒါဆိုရင်ကော မိခင်တွေ...ကလေးတွေ ဘယ်လိုများခံစားရမလား...။
မျောပါလွင့်သွားမှာစိုးလို့ ချည်ခဲ့တဲ့ကြိုးလေးတွေက ကလေးတွေကို ရုန်းထွက်မရအောင် နစ်မြုပ်သွားစေတဲ့ အဖြစ်မျိုးတွေ ဖတ်ရတော့ ရင်မှာ မချိဘူးဗျာ...။
ကိုယ်မှာတော့ စိုးရိမ်တကြီး လုပ်ခဲ့တဲ့ဟာတွေပဲ...
ဒါပေမယ့် ကိုယ်တိုင်ကမှ ပြန်လာပီး မကယ်နိုင်တော့ ကလေးတွေမှာ နစ်မွန်းအသက်ဆုံးရတယ်...။
ဒါတွေ...ဒါတွေ...ဒီလိုတွေးမိတော့...ကြောက်လာတယ်...။
ကျွန်တော်ကလေ ခလေးတွေဆို သိပ်ချစ်တာ...။
ကလေးတွေကလည်း သိပ်ချစ်ဖို့ကောင်းတယ်လေ...။
သူများကလေးတွေတောင်မှ ဒီလောက်ချစ်နေရင်...ကိုယ့်ကလေးဆိုရင်ကော ဘယ်လောက်များ ချစ်လိုက်မလဲ...။
အဲဒီကလေးတွေ ချစ်ဖို့ကောင်းလာအောင် ကိုယ်မလုပ်ပေးနိုင်ရင် မုန်းဖို့ကောင်းတဲ့ကလေးတွေဖြစ်လာမှာ....။
ကလေးလေးတွေကို ကိုယ်အကောင်းဆုံး ပုံသွင်းမပေးနိုင်မှာ....
တာဝန်မကျေမှာ... ပုံစံကောင်းမပြနိုင်မှာ.... ပတ်ဝန်းကျင်ကောင်းမှာ မထားပေးနိုင်မှာ...
လိုအင်တွေကို မဖြည့်ဆည်းနိုင်မှာ.... မသွန်သင်နိုင်မှာ....
ဒါတွေ...ဒါတွေ တွေးမိတော့...အရမ်းကို ကြောက်သွားတယ်...။
လူဟာ တစ်နေ့မှာတော့ ကိုယ်ပိုင်ဘ၀တွေ မိသားစုတွေ တည်ထောင်ရမှာပဲလေ...။
ကလေးတွေကို မွေးရမှာပဲလေ...။
ဒီလိုအခါ........

Thursday, June 5, 2008

ရောက်တတ်ရာရာ

မနေ့က သတင်းစာဖတ်တော့ တစ်ခုသွားတွေ့တယ်...
(အထင်မကြီးနဲ့...အလုပ်ရှာဖို့ဝယ်ရင်း ဖတ်ဖြစ်တာ)
Maids Today, Business owners tommorrow...တဲ့။
သိပ်ကောင်းတဲ့အစီအစဉ်လေးပဲ...။
သူများနိုင်ငံမှာ အိမ်ဖေါ်လာလုပ်နေရပေမယ့်လည်း
အိပ်မက်တွေပျောက်မသွားဘူးလေ...။
ကိုယ်နိုင်ငံပြန်ရောက်ရင် လုပ်ငန်းလုပ်နိုင်အောင် သင်တန်းလေးတွေပေးတာ...။
ဖားတွေပါပဲ...။
ကျွန်တော်တို့ရော ဒီလိုစိတ်ကူးရှိလား...။
ရွှေတွေလည်း အဲလို အိမ်ဖေါ်လာလုပ်နေတာ အများကြီးရယ်...။
ဒီလိုလေး မကူပေးချင်ဘူးလား...။

အလို...ကြည့်ဦး....
ထိုင်းနိုင်ငံမှာတဲ့...လိင်လုပ်သားတွေ ဆန္နပြကြတယ်တဲ့....
ခေါင်းစဉ်က prostitutes fight for rights..တဲ့။
သူတို့ကိုင်ထားတဲ့ ဆိုင်းပုဒ်လေးက ဒီလို...
Sex work is Work...
Defend the right to livelihood....
"they demanded the right to make a living, and said they were being abused in custody. ...တဲ့။
ဒါလည်း တမျိုးတပါး...

အဲ... အိုဗားမားကြီးတော့ ဒေါ်ကလင်တန်ကို နိုင်သွားပီ....။
ဘလက်တွေ သမိုင်းသစ်ရေးတော့မယ်...။ ဒီလူက မူစလင်ဆိုလားပဲ...။
ကဲ...အမေရိကန်ရေ ကြည့်ကောင်းပီ....။

အိုး... ရှာရာပိုဗာလေး...ရှုံးသွားတယ်ဗျာ...စိတ်မကောင်းဘူး..။

ဟိတ်..ရော်နယ်ဒိုတော့ ရီးယဲလ်ပြောင်းချင်တယ်ဆိုပဲ... ဖာဂူဆန်ကြီးကြောက်လို့သာပေါ့...ငှဲငှဲ..
သူရဲနီပရိသတ်ရေ..ရင်မနေနော်...။

ဟိုစပ်စပ်...ဒီစပ်စပ်လျှောက်ကြည့်ရင်းက နောက်ဆုံးတော့ ကိုယ်ဆီရောက်လာတယ်...
ကဲ..မောင်မင်း..လုပ်ထားဦး...နီးနေပီတဲ့...ငှဲငှဲ..။

Wednesday, June 4, 2008

အလွမ်းပြေ...



ကျွန်တော်တို့သုံးယောက်က မနှေးမနှောင်း အတူတူရောက်ကြတယ်....
ရှာကြတယ်....ဖွေကြတယ်....
တယောက်က လက်မှတ်တွေ တပုံကြီးနဲ့....
အဆင်မပြေတော့လည်း ပြန်သွားရတယ်....
နောက်တယောက်က အလုပ်ရပါတယ်.... အက်စပတ်တင်ထားတော့ စိမ်နေလိုက်တယ်....
နောက်မှ အလုပ်က ကိုတာမရှိလို့...ပြန်သွားရတယ်...
ဒီတယောက်ကော အလုပ်ရတယ်....အက်စပတ်က ကွိုင်တက်ပီး...အလုပ်က ပြန်ဆွဲချ (withdraw)လုပ်သွားတယ်...
မင်းရော...ဘယ်တော့လဲ...

Tuesday, June 3, 2008

နှလုံးသားလေး မောနေတယ်...

အဲဒီနေ့မနက်က ဖုန်းသံကြားတယ်...
မင်းအက်စပတ်..အပရုတဲ့...
အားပါး...ငါနှလုံးသား...ရုန်းရင်းခတ်သွားတယ်...
အနားမှာပြန့်ကျဲနေတဲ့ အထုတ်အပိုးတွေ..
ရောင်းထားတဲ့ ကီလိုတွေ...
လေယာဉ်လက်မှတ်....
ဒါတွေကို အပြေးအလွှား ကန်စယ်လုပ်...
အမ်အိုအမ်ကို အမြန်ပြေး...
တံဆိပ်အသစ်တစ်ခုသွားတောင်း...
အလုပ်ကိုဖုန်းဆက်တော့ အိုကေ....
ဒါနဲ့ နေလိုက်တယ်....
နောက်နေ့ကျတော့ အေးဂျင့်က စာရွက်တစ်ရွက်လာပေးတယ်...
အလုပ်မှာ အသော်ရိုက်သွားတောင်းတဲ့...
အလုပ်ကိုရောက်တော့... အလုပ်က အေးဂျင့်ကိုအသိအမှတ်မပြု...
လျှို့ဝှက်ကုတ်တင်နဲ့ အေးဂျင့်က ၀င်မွှေသွား...
ဒီလိုနဲ့ အလုပ်က အက်စပတ်ကို ပြန်ဆွဲချသွားတယ်....
အားပါး...ငါနှလုံးသား...ဒတ်စတော့အုပ်ခံလိုက်ရတယ်....
ဒီလိုနဲ့ပဲ....
မ၀င်ရသေးတဲ့အလုပ်က ပြုတ်သွားတယ်...
ရှာစမ်း...အလုပ်အသစ်တွေ.....
အသစ်ရတဲ့တံဆိပ်တုန်းရဲ့ နေ၀င်ချိန်က...
၁၂ ဂျွန်....

"Step Up 2 The Streets" ဒီကားလေးလည်း ကြည့်ကောင်းမှာ...

ဟိုးဟိုး....ဗွီဒီယိုလေးတွေ တင်းလို့ရပီ....ဒီကားတွေ ကြည့်ချင်နေတာ..