ကျွန်တော့်မှာ စိတ်ကူးဆန်းဆန်းနဲ့ ချစ်သူလေးတစ်ယောက်ရှိတယ်..။
သူက ညရဲ့ကောင်းကင်မှာ လမင်းကြီးမရှိရင်နေပါစေ.. ကြယ်စင်တွေ ပြည့်နေတာပဲ ကြိုက်တယ်တဲ့...။
ဒီစကားလေးက ကျွန်တော့်ကို တော်တော်လေး အကျိုးသက်ရောက်မှုရှိတယ်....။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ညရဲ့ ကောင်းကင်မှာ လမင်းကြီးရှိနေမှ ကြိုက်တာလေ....။
ညရဲ့ကောင်းကင်မှာ လမင်းကြီးမှ မရှိရင် တစ်ခုခုလိုနေသလို ခံစားရတယ်...။ စိတ်ထဲမှာလဲ မကြည်လင်သလိုခံစားရတယ်။
အခုတော့ ကျွန်တော်ချစ်သူလေးက ကြယ်စင်ခတဲ့ ညရဲ့ကောင်းကင်ဆိုတော့ ကျွန်တော်လည်း ကြယ်စင်ညကို ချစ်တတ်လာခဲ့တယ်...။
ကျွန်တော်နဲ့ ကျွန်တော်ချစ်သူလေးက တစ်ယောက်တစ်နယ်ဆီ နေကြရတာ...။ တွေ့ဖို့ကလည်း မလွယ်ဘူးလေ...။ ဒီတော့ တမ်းတလို့ လွမ်းရတဲ့ညတွေကို ကောင်းကင်ကို ငေးမောရင်း တီးတိုးစကားဆိုရတာလေ..။
အရင်ကဆို...ညတွေမှာ လမသာရင်...ရင်ထဲမကောင်းဘူး။
ဒါပေမယ့်...ကောင်းကင်ကြီးမှာ လမင်းကြီးမရှိလဲ ကြယ်စင်လေးတွေက အမြဲရှိနေတာပဲလေ။
ကောင်းကင်ကြီးမှာ ကြယ်စင်လေးတွေ အမြဲရှိနေသလို...ကျွန်တော်ကလည်း ကျွန်တော်ရဲ့ ကြယ်စင်ချစ်သူလေးကို အမြဲတမ်း ချစ်သွားမှာပါ....။
Monday, July 30, 2007
Tuesday, July 17, 2007
ဒါနောက်ဆုံးလား.....
တစ်ခါတစ်လေ စဉ်းစားမိတယ်....
ဘ၀ဆိုတာ...သေဆုံးခြင်းနဲ့ဘဲ အဆုံးသတ်မှာလား...
လူဆိုတာ သေမျိုးလား.....
မသေတဲ့လူကော မရှိဘူးလား....
ဘာလို့လူတွေ သေကြရတာလဲ....
မသေအောင် ဘယ်လိုလုပ်ကြမလဲ.....
တချို့ကတော့
လူသေပေမယ့် နံမည်မသေအောင် ကြိုးစားကြတယ်....
ကျင့်ကြံကြတယ်...
Thursday, July 12, 2007
DWE
ကြွေလွင့်သွားသော အနုပညာရှင် မင်းသားဒွေး
ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ ဒွေး သည် ဇူလိုင်လ၁၁ရက်နေ့ ညနေ၅နရီ ၂၀မိနစ်တွင် ရုတ်တရက် ကွယ်လွန်သွားကြောင်း သိရပါသည်။ ကွယ်လွန်ချိန်တွင် အသက် ၄၂ ရှိကြောင်းသိရပါတယ်။ မင်းသားဒွေးသည် ထင်လင်းအမည်ဖြင့် အနုပညာလောကထဲသို့ စတင်ဝင်ရောက်လာပြီး ၉၀ခုနှစ်နောက်ပိုင်းတွင် လူသိများထင်ရှားလာသော သရုပ်ဆောင်ဖြစ်ပါတယ်။ ဦးလေးဖြစ်သူ မင်းသားကြီး ကျော်ဟိန်း၊မင်းသမီးတင့်တင့်ထွန်းတို့နှင့်တွဲဖက်ကာ “ဒုက္ခကိုအရောင်ဆိုးထားတယ် ” ဗီဒီယို ဇာတ်ကားတွင် လူသိများလာခဲ့ပြီး နောက်ပိုင်းတွင် ဒွေးအမည်အဖြစ် ထင်ပေါ်ကျော်ကြားလာခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် "အမေ့ခြေရာ"ဇာတ်ကားဖြင့် အကယ်ဒမီဆုကိုရရှိခဲ့ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်အဆိုတော်မင်းသားဒွေးသည် ခေတ်ပြိုင်မင်းသားများဖြစ်သော လွင်မိုး၊ကျော်ရဲအောင် တို့နှင့်အတူ သရုပ်ဆောင်လောကတွင် ဒွေးစတိုင်၊ဒွေးဖက်ရှင်ရယ်လို့ ထင်ရှားလာသူဖြစ်ပါတယ်။ ကိုယ်ပိုင်စတိုင်၊ကိုယ်ပိုင် ဟန်အမူအရာ ၊ကိုယ်ပိုင်အနုပညာကို တည်ထောင်နိုင်ခဲ့သူဖြစ်ပါတယ်။ ဒရာမာမင်းသား၊အငိုပိုင်မင်းသားတစ်ယောက်ရယ်လို့ ပရိသတ်များက အသိအမှတ်ပြုခဲ့ကြပါတယ်။ မကြာသေးခင်ကာလတွင်မင်းသားပါဝင်သရုပ်ဆောင်သော ကက်ကင်း ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသခဲ့ပါတယ်။ ဒီဗီဒီ ဇာတ်ကား “ဆုတောင်းမှားကြသူများ” ဇာတ်ကားကို ရုံတင်ပြသနေကြာင်းသိရပါတယ်။
ဒွေးရဲ့ရုပ်အလောင်းကို ကိုယ်တိုင်ကားမောင်းပြီး အအေးခန်းကို ပို့ပေးခဲ့တဲ့ အကယ်ဒမီမင်းသား ကျော်သူက ဒွေးအတွက် ၀မ်းနည်းစကားကို အခုလို ပြောပြခဲ့ပါတယ်။ ''သားကြီးက ကျွန်တော့်ရဲ့ အသက်သခင်ကျေးဇူးရှင်ပါ၊ ချောင်းသားမှာ ဇာတ်ကားရိုက်ဖို့ ရောက်နေကြတုန်း ကျွန်တော် သတိမေ့သွားဖူးတယ်။ ချောင်းသာလို အသက်ကယ်ဆေး ရှာရခက်တဲ့နေရာမျိုးမှာ ညတွင်းချင်းပဲ ကျွန်တော့်အတွက်ရအောင် ရှာပေးခဲ့ဖူးတယ်။ နောက်နေ့ ကျွန်တော်သတိရတော့ အောက်ဆီဂျင်ဗူးရော သူရှာပေးထားတာ သိရတယ်။ ဒါကြောင့် သူက ကျွန်တော့်ရဲ့ အသက်သခင် ကျေးဇူးရှင်ပါပဲ။ အခု သူ့အလှည့်မှာ မကယ်လိုက်နိုင်လို့ ကျွန်တော် အရမ်းဝမ်းနည်းမိတယ်ဗျာ''
ယခုကဲ့သို့ အောင်မြင်ကျော်ကြား အနုပညာကြယ်ပွင့်တစ်ဦး စောစီးစွာကြွေလွင့်သွားသော ကြောင့် ပလန်းနက် အဖွဲ့သားများ ၀မ်းနည်းစိတ်မကောင်းဖြစ်ရပါကြောင်း ပြောကြားရင်း ပလန်းနက်ပရိသတ်များအား ၀မ်းနည်းသတင်းကို ကြေငြာလိုက်ပါတယ်။
(ဒွေး၏ ရုပ်အလောင်းကို ဇူလိုင်(၁၃)ရက်နေ့ မနက် ၈း၃၀ တွင် ရေဝေးသုဿန်တွင် သဂြိုဟ်မည်ဖြစ်ကြောင်း သိရှိရပါသည်။ )

Monday, June 11, 2007
သူတို့ ဒီလိုပြောကြတယ်
စံ-ဇာဏီဘိုက ......
ကျွန်တော်က အိမ်ထောင်ဘက်ရွေးချယ်ရာမှာ အချက် (၃) ချက်နဲ့ တိုင်းတယ်၊
(၁) sincere သူက ကိုယ့်ကို ပကတိ ရိုးသားဖြူစင်စွာ ဆက်ဆံရဲ့လားဆိုတာ ကြည့်တယ်။
(၂) သူဟာ ကိုယ့်အပေါ်မှာ sympathy ဖြစ်ရဲ့လား၊ မျှဝေခံစားနိုင်ရဲ့လား။
(၃) Support ဖြစ်ရဲ့လားပေါ့။ support ဆိုတာ ငွေကြေးအကူအညီမဟုတ်ဘူး။ body and mind ကို support လုပ်နိုင်ရဲ့လားပေါ့။ ကျွန်တော်နေမကောင်းရင် သူဘေးက ပြုစုမယ်။ ကျွန်တော်စိတ်ဓါတ်ကျနေရင် ဘေးက အားပေးမယ်..ဆိုတာမျိုးပေါ့။
တစ်ယောက်ကိုတစ်ယောက် အဲဒီ (၃) မျိုး အပြန်အလှန်ပေးနိုင်မှ love လို့ခေါ်မယ်..။
ကျွန်တော်ရဲ့ အဓိကရန်သူက...ကျွန်တော့်အတွင်းစိတ်ထဲက အပျင်းပဲ။
အဲဒီလို ကျွန်တော့်ကိုယ်ကျွန်တော် သိနေတဲ့အတွက် အပျင်းကို ၀ီရိယနဲ့ ထိန်းရတယ်။ ၀ီရီယနဲ့ တိုက်ခိုင်းရတယ်...၊
ကျွန်တော် မနက်သုံးနာရီမှာ နှိုးစက်ပေးထားတယ်။ ပထမနှိုးစက်မြည်တဲ့အချိန်မှ မထဖြစ်ရင် သုံးမိနစ်ပဲ ခြားမယ်....ဒုတိယနှိုးစက်က မြည်လာလိမ့်မယ်...ဒါမှမထရင်...“ရှင်မထသေးဘူးလား၊ နားငြီးလှပြီ”ဆိုတဲ့ တတိယနဲ့ နောက်ဆုံးနှိုးစက် မြည်လာရော...။ ဒါဟာ ကျွန်တော့်ရဲ့ နေ့စဉ်အိပ်ရာထနည်းပဲ။ အိပ်ရာက နိုးတာနဲ့ အလုပ်စလုပ်ပြီ...။
ကိုယ့်လမ်းကို ဖြောင့်ဖြောင့်မှန်မှန် ရိုးရိုးသားသားလျှောက်......
ပွင့်နေတဲ့တံခါးတွေထဲက ကိုယ်ဝင်ရမယ့်တံခါးကို ရွေးချယ်နိုင်ဖို့ကြိုးစား....
လဲနေရင်ပြန်ထ...မှားနေရင် ပြန်ပြင်....
ဘာကြောင့် လဲသလဲ...မှားသလဲ...သင်ခန်းစာယူ...
ပျော်ပျော်နေ...
စိတ်ညစ်တယ်ဆိုပြီး အချိန်မဖြုန်းနဲ့....
ဒါဆိုရင် အောင်မြင်ပျော်ရွှင်သော ဘ၀ကို ပိုင်ဆိုင်ဖို့.. ရာခိုင်နှုန်းတစ်ဝက်ကျော်ကျော် သေချာပြီ....

Tuesday, June 5, 2007
မြို့ပြကို ထုဆစ်နေတဲ့ လူငယ်....
ဒီနေ့တော့ ကျွန်တော့်ဖတ်ဖြစ်လိုက်တဲ့အကြောင်းလေးတစ်ခုကို ပြန်ပြောပြချင်တယ်....
ဗျူတီမှာပါလာတာ...မောင်သာချိုရေးတာ...
သူက သူဖတ်ဖြစ်တဲ့ E.B.White ရေးတဲ့ NewYork ဆိုတဲ့ essay ကို ပြန်ပြီးခံစားထားတာပါ...
နယူးယောက်မြို့ဟာ တမြို့တည်းမဟုတ်ဘူး။ အကြမ်းအားဖြင့် သုံးမြို့ရှိတယ်လို့ဆိုတယ်။
ပထမ နယူးယောက်က နယူးယောက်မှာ မွေးလာတဲ့ ယောကျာင်္းနဲ့မိန်းမက ဘာမှ ဆင်ခြင်ခြင်းမရှိဘဲ လက်ခံထားတဲ့ နယူးယောက်တဲ့။
ဒုတိယ နယူးယောက်ကတော့ နေ့တွင်အလုပ်လုပ်ပြီး ညတွင်ထွေးထုတ်သော ကျိုင်းကောင်များလို နေ့ချင်းပြန်ရောက်လာပြီး နေ့တွင်အလုပ်လုပ် ညတွင်ပြန်ထွက်သွားသူတို့ရဲ့ နယူးယောက်တဲ့။
တတိယ နယူးယောက်ကတော့ တစ်ခုခုကို ရှာဖွေဖို့ တက်ရောက်လာသူတို့ရဲ့ နယူးယောက်တဲ့။ ဒီသုံးမြို့မှာ တတိယနယူးယောက်က အမြင့်မြတ်ဆုံးပဲတဲ့။ တစ်ခုခုကို ရှာဖွေဖို့ရောက်လာသူများကြောင့် နယူးယောက်မြို့ကြီး ရှင်သန်နေခြင်းပါပဲ...တဲ့။
မြို့ကြီးပြကြီးများရှိရာကို အိပ်မက်ကိုယ်စီနဲ့ လူတွေအချိန်တိုင်း တက်လာနေခဲ့ကြတယ်။ အထူးသဖြင့် လူငယ်တွေ...။ မြို့ပြမှာ ကျောချစရာတစ်နေရာကို ရပြီဆိုတာနဲ့ သူတို့လိုချင်တာကို ရှာဖို့ လုံးပမ်းကြတယ်။ ဒါကြောင့်လည်း မြို့တွေ ခေတ်ကာလတွေဟာ အသက်ဝင်ပြီး လှုပ်ရှားလာခြင်းဖြစ်တယ်။ ဒါဟာ ဘယ်လိုမှ ငြင်းလို့မရတဲ့အချက်ပဲ...။
တစ်ခုခုကို ရှာဖွေဖို့ တက်လာသူတို့ကြောင့် နယူးယောက်မြို့ကြီး ရှင်သန်နေသလို ရန်ကုန်မြို့ဟာလည်း ဒီအတိုင်းပဲ။ စင်ကာပူဟာလည်း ဒီအတိုင်းပဲ။ ဘန်ကောက်လည်း ဒီအတိုင်းပဲ။ ဟနွိုင်းလည်း ဒီအတိုင်း။ ဆိုးလ်လည်း ဒီအတိုင်း။
မြို့ကြီးတွေကနေ လူငယ်တွေဟာ ခေတ်ကို ပုတ်နှိုးနေတယ်။ သမိုင်းကို သွက်လက်မြန်ဆန်စေတယ်။ ရင်ခုန်သံကို ဗုံပေါ်တင်ပေးလိုက်ကြတယ်။ မအောင်မြင်သေးခင် လှောင်ရယ်သံတွေကြားထဲကပဲ လက်မလျှောက်စတမ်းစိတ်နဲ့ ခေတ်ကို ဖြတ်သန်းနေကြတဲ့ လူငယ်တွေ မြို့ကြီးတွေတိုင်း၊ ကျောင်းပတ်ဝန်းကျင်တိုင်း၊ အဆောင်တွေတိုင်း၊ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်တိုင်းမှာ ရှိသလို ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီလိုပဲ ရုန်းကန်ရင်း ကျွန်တော်တို့တွေရဲ့ အိပ်မက်တွေကို ထုဆစ်ကြရတဲ့....အကြောင်းလေးပါ။

Sunday, June 3, 2007
ကျွန်တော့်ဖေဖေအကြောင်း.....
မနေ့က ကျွန်တော့အဖေရဲ့ နှစ်နှစ်ပြည့် အောက်မေ့ဖွယ်လေး လုပ်တယ်....
ဒီတော့ ကျွန်တော့အဖေအကြောင်းလေး ပြန်စဉ်းစားမိတယ်.....
မှတ်မှတ်ရရလေးတွေကတော့...
ငယ်ငယ်က ကျွန်တော့်အစ်ကိုနှစ်ယောက်က ဂျင်ကစားတယ်...
ထမင်းစားချိန်ရောက်လို့ အဖေက ခေါ်တာ...မလာပဲ..ဂျင်ဆက်ကစားတယ်..
သူတို့လဲ ထမင်းလာစားကော...အဖေက...ကဲ..မင်းတို့နှစ်ယောက်..ဂျင်သွားဆေးတဲ့...
အစ်ကိုနှစ်ယောက်ကလဲ..ဘုမသိဘမသိ..ဂျင်သွားဆေးတာပေါ့...ပြီးတော့မှအဖေက...ဒီလောက်ဂျင်ကိုချစ်ရင်...ဂျင်နဲ့ပဲ..ထမင်းစား...တဲ့....အဖေက အဲဒီလိုလူ...
ကျွန်တော်တို့ငယ်ငယ်ကနေတာ...နယ်မြို့လေးမှာ...အဖေကတော့..အဲဒီမြို့အပိုင်က ရွာမှာ အလယ်တန်းကျောင်းအုပ်ဆရာလုပ်တယ်...အဲဒီအချိန်က AirConBusတွေ ပေါ်ကာစ...
စာမေးပွဲနီးလို့ မြို့ပေါ်က ဆရာတွေကို ရွာကိုခေါ်ပြီး စာစစ်ခိုင်းတော့...အဲဒီ AirConBus တွေနဲ့ခေါ်တာ...
အဲဒီကားတွေ လိုင်းတောင်မဆွဲရသေးဘဲ...ကျွန်တော်တို့ ဦးဆုံးစီးရတာ...ဟဲဟဲ..ဂုဏ်ယူမယ်ဆို ယူစရာပေါ့...
နောက်တစ်ခုက..အပြင်စာဖတ်တာ...
အဖေက အပြင်စာတွေ ဖတ်ပါလို့တော့ မပြောဘူး...ပထမဆုံး သိုင်းစာအုပ်တွေ အရင်ဆုံးပြတယ်...သိတဲ့အတိုင်းပဲ သိုင်းစာအုပ်က ပေါ့ပေါ့ပါးပါးနဲ့ ဖတ်လို့အရမ်းကောင်းတာ...ကျွန်တော်တို့က ခိုးဖတ်တာပေါ့...
အိမ်သာထဲခိုးဖတ်တာ...အဲဒီအကျင့်က အခုထိ ပါသွားတယ်...အိမ်သာတက်ခါနီးဆို စာအုပ်အရင်ရှာတာပဲ...
ပြီးမှ သုတစွယ်စုံတွေ... လင်းကွန်းလိုစာအုပ်တွေ...တဆင့်ချင်း ဖတ်ခိုင်းသွားတာ...အခုလို ဘလော့တွေ ရေးနိုင်တာလဲ စာဖတ်အားကောင်းပြီး စာဖတ်မှန်ခဲ့လို့ပဲ....
နောက်တစ်ခုက...အားကစား...
အဖေက ငယ်ငယ်ကဆို အားကစားသိပ်လုပ်တာ...ကောလိပ်မှာဆို..ကျောင်းလက်ရွေးစင်...ပြေးခုန်ပစ်ကရတဲ့ ဖလားတွေဆိုတာ အိမ်မှာအများကြီးပဲ...ဘောလုံးမှာလဲလက်ရွေးစင် တိုက်စစ်မှူးဗျ....နိုင်ငံခြားသားတွေနဲ့တောင် ကန်ရတာ....ကျောင်းဆရာဖြစ်တော့လည်း...ကျောင်းအသင်းနည်းပြဗျ...ကျွန်တော်နယ်က ရပ်ကွက်ပွဲတွေမှာဆို...ကျွန်တော့်အဖေရဲ့ပညာရေးအသင်းက အမြဲဗိုလ်စွဲနေကျ....
သိတတဲ့အတိုင်းပဲ..ကျောင်းဆရာဆိုတော့ လခက ဘယ်သိပ်ကောင်းမလဲဗျာ....
ကျွန်တော်တို့မှာ ညီအစ်ကိုမောင်နှမက ခြောက်ယောက်ရှိတယ်...အမေကလဲ ကျောင်းဆရာမပဲလေ....
ဒီတော့ အိမ်မှာ မွေးမြူရေးလေး တဖက်က လုပ်ရတာပေါ့...၀က်မွေးတယ်...ဘဲမွေးတယ်...ငယ်ငယ်ကဆို ကျွန်တော်က ညနေကျောင်းက ပြန်လာရင် ၀က်စာလိုက်ယူရတယ်...ကျွန်တော်တို့မွေးတဲ့
ဝက်က ခါးအရှည်ကြီးပဲ...ဒီတော့ တအားစားတာ...ပြီးတော့ ဘဲကျောင်းရတယ်...
ကျွန်တော်တို့ငယ်ငယ်က အိမ်အပိုင်မရှိတော့ ဘုရားကျောင်းထဲမှာ ဘုရားကျောင်းစောင့်သဘောမျိုး..တဲသာသာအိမ်လေး ဆောက်ပြီးနေရတာ....၀ါးကပ်ခင်း...ဓနိမိုးပေါ့ဗျာ....ဒီတော့ အဖေက ကျွန်တော်တို့ကို မျက်နှာမငယ်ရအောင် ကိုယ်ပိုင်အိမ်နဲ့နေစေချင်တာပေါ့...ကျောင်းဆရာကနေ..ကျောင်းအုပ်ဖြစ်အောင်ကြိုးစားတယ်...ဒီလိုနဲ့ အိမ်လေးတစ်လုံးဝယ်နိုင်လာတယ်....ပျဉ်ထောင်အိမ်လေးပေါ့.... အဖေက ဒီလောက်နဲ့ မကျေနပ်ဘူးဗျ...သူ့သားသမီးတွေကို မျက်နှာမငယ်ရအောင် တိုက်အိမ်နဲ့ထားချင်တယ်.... သိတဲ့အတိုင်းပဲ...သားသမီးတွေက အရွယ်ရောက်လာတော့...ရန်ကုန်တက်ပြီး အလုပ်လုပ်ကြတာပေါ့...အိမ်မှာဆို ကျွန်တော်နဲ့ကျွန်တော့အစ်မပဲ ကျန်တာ....
အခုအိမ်ကို တိုက်ပြန်ဆောက်တဲ့အချိန်မှာ ကျွန်တော်တို့လည်း ရန်ကုန်ရောက်ပြီ....အဖေကလေ....သူရဲ့အိမ်လေးကို သိပ်သံယောဇဉ်ရှိတာ...သူဆုံးတာလဲ..သူ့အိမ်လေးဆောက်ရင်းနဲ့ပဲလေ...
ကျွန်တော်တို့က ပြောပါတယ်...အဖေရယ်...ရန်ကုန်မှာ လာနေပါလားပေါ့...ဒါပေမယ့် အဖေက သူ့အိမ်လေးပဲ ဆက်ဆောက်တယ်...သူဆုံးသွားတာလဲ...သူ့အိမ်လေးဆောက်ရင်းနဲ့ပဲလေ...
အခုဆိုရင်...အဲဒီအိမ်က ဘယ်သူမှ မနေပေမယ့်..အဖေ့အမှတ်တရအနေနဲ့...ကျွန်တော် မရောင်းပဲ ဒီအတိုင်းထားတယ်....
ဒါလေးတွေကတော့...ကျွန်တော့်အဖေရဲ့ အမှတ်တရလေးတွေပေါ့ဗျာ...ဒီလောက်ဆို ခင်ဗျားတို့လည်း ကျွန်တော်အဖေအကြောင်းလေး...သိလောက်ပြီထင်ပါတယ်နော်....

Subscribe to:
Posts (Atom)